နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၄) ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးသို့ ပူးတွဲဥက္ကဋ္ဌအဖြစ် ဗွီဒီယိုကွန်ဖရင့်ဖြင့် ပါဝင်တက်ရောက် မိန့်ခွန်းပြောကြား (၂၅-၁၂-၂၀၂၃ ရက်)

(၂၅-၁၂-၂၀၂၃ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၅-၁၂-၂၀၂၃ ရက်၊ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့သည့် (၄) ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ ပူးတွဲဥက္ကဋ္ဌအဖြစ် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ဝန်ကြီးချုပ် မစ္စတာလီချန်းတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက် မဟာ ပဝရ ဓိပတိ ဟွန်မာနိုက်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆုံဆိုင်း ဆီဖန်ဒုံ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆရက်ထာ ထာဗီဆင်နှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဖန်မင်ချင်းတို့လည်း တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး၌ ပူးတွဲဥက္ကဋ္ဌများက အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ပြီးနောက်၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအပေါ် သုံးသပ်ကာ၊ အနာဂတ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် ၂၀၁၆ ခုနှစ်၌ စတင်တည်ထောင်ခဲ့သည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် (၇) နှစ်တာကာလအတွင်း အခြေခံအဆင့်ကိုကျော်ဖြတ်၍ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်မှစ၍ ၂၀၂၃ ခုနှစ်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ (၃၁.၆) သန်းတန်ဖိုးရှိသည့် အထူးရန်ပုံငွေစီမံကိန်း (၁၀၆) ခု ရရှိထားပြီး၊ နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို အထောက်အကူပြုလျက်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်းနိုင်ငံများအား အထောက်အပံ့နှင့်အကူအညီများ ဆက်လက်ပေးအပ်နေမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က ယနေ့အစည်းအဝေး၏ဆောင်ပုဒ်မှာ “မဲခေါင်-လန်ချန်း နိုင်ငံများအကြား အားလုံးနှင့်သက်ဆိုင်သော အနာဂတ်နှင့် ခေတ်မီဖွံ့ဖြိုးမှု တည်ဆောက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ဖြစ်သည့်အတွက် လက်ရှိအခြေအနေများနှင့် ကိုက်ညီမှုရှိပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး ခေတ်မီတိုးတက်လာစေရေးတို့အတွက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အောက်တွင် အချင်းချင်းအပြန်အလှန်အကူအညီပေးသင့်ပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်နိုင်ရေးအတွက် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းနှင့် မဲခေါင်-လန်ချန်း ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများမှတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါကြောင်း၊ “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဆန်းသစ်တီထွင်မှုစင်္ကြံ” ဖော်ဆောင်မှုနှင့် “အဖွဲ့ဝင်နိုင်ငံများအကြား ပေါင်းစည်းဆက်နွှယ်မှု တိုးမြှင့်ရေးဆိုင်ရာစီမံချက်” ရေးဆွဲမှုများကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးအခြေပြု စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းများအတွက် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးကဏ္ဍကို ဦးစားပေးဆောင်ရွက်သွားသင့်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ထိရောက်စွာ ဆောင်ရွက်သွားသင့်ကြောင်း ပြသသည့် သင်ခန်းစာတစ်ရပ် ဖြစ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပြည်သူ့ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာနှင့်ကျွမ်းကျင်မှုများ မျှဝေခြင်းနှင့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက် စေရေးတို့ကို မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်သွားသင့်ပါကြောင်း၊ နေပြည်တော်တွင် “အမျိုးသားကူးစက်ရောဂါကာကွယ်ရေးနှင့် လေ့ကျင့်ရေးစင်တာ” တည်ဆောက်ရန်အတွက် အကူအညီများပေးအပ်ခဲ့သည့် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါစင်တာသည် ၂၀၂၄ ခုနှစ်၊ နှစ်ဦးပိုင်းတွင် ပြီးစီးမည်ဖြစ်ပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ဆက်လက်၍ “မဲခေါင်-လန်ချန်း ခရီးသွားလာရေးမြို့တော်များ တည်ထောင်ခြင်း”၊ “မဲခေါင်-လန်ချန်း လေကြောင်းခရီးသွားလာမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် မိတ်ဖက်ထူထောင်ခြင်း” လုပ်ငန်းစဉ်များကို ကြိုဆိုပါကြောင်း၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါး တရားမဝင်ထုတ်လုပ်ရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများ၊ အကြမ်းဖက်မှုများ၊ ဆိုက်ဘာရာဇဝတ်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ စသည့်ရာဇဝတ်မှုများသည် ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့်အတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ “မဲခေါင်-လန်ချန်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန” က ဆောင်ရွက်လျက်ရှိသည့် ဒေသတွင်းပူးပေါင်းညှိနှိုင်းရေးအခန်းကဏ္ဍ၏ အရေးပါမှုကိုလည်း အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ပတ်ဝန်းကျင်ထိခိုက်မှုသည် ရာသီဥတုပြောင်းလဲမှုအပေါ် သက်ရောက်မှုရှိပြီး ဂေဟစနစ်ကို ယိုယွင်းပျက်စီးစေပါကြောင်း၊ သို့ဖြစ်ရာ အေးချမ်းသာယာပြီး ကြံ့ကြံ့ခံနိုင်သည့် လူမှုအသိုက်အဝန်း တည်ဆောက်နိုင်ရေးအတွက် ရာသီဥတု ဖောက်ပြန်မှုများကိုလျှော့ချရန် အတူတကွလက်တွဲဆောင်ရွက်ကြရမှာဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။

ဆက်လက်၍ နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံသည် ပူးတွဲဥက္ကဋ္ဌအနေဖြင့်လည်းကောင်း၊ တာဝန်သိအဖွဲ့ဝင်အနေဖြင့်လည်းကောင်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို အစဉ်တန်ဖိုးထားပြီး၊ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု၏ မူဝါဒများ၊ စိတ်ဓာတ်များနှင့်အညီ တက်ကြွစွာ ဆက်လက်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြု ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးတွင် အနာဂတ်လုပ်ငန်းအစီအစဉ်များအတွက် မူဝါဒလမ်းညွှန်တစ်ရပ်အဖြစ် “နေပြည်တော်ကြေညာစာတမ်း” နှင့် အဖွဲ့ဝင်နိုင်ငံများအကြား အိမ်နီးချင်းကောင်းပီသမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇)” နှင့် “မဲခေါင်-လန်ချန်း တီထွင်ဆန်းသစ်မှုစင်္ကြံ ဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲအစီအစဉ်” တို့ကို အတည်ပြုထုတ်ပြန်ခဲ့သည်။

အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အလှည့်ကျပူးတွဲဥက္ကဋ္ဌတာဝန်ကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

(၄) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကို လျှော့ချရန်နှင့် ဒေသတွင်းနိုင်ငံများ၏ အလုံးစုံပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေး ကြိုးပမ်းမှုများကို အထောက်အကူပြုရန် ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများအဖြစ် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်။ မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ အလှည့်ကျပူးတွဲဥက္ကဋ္ဌတာဝန်ကို အမြဲတမ်းပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ်နိုင်ငံနှင့်အတူ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ အောင်မြင်စွာ ပူးတွဲထမ်းဆောင်ခဲ့သည်။