THE EMBASSY OF THE REPUBLIC OF UNION OF MYANMAR

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၄) ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးသို့ ပူးတွဲဥက္ကဋ္ဌအဖြစ် ဗွီဒီယိုကွန်ဖရင့်ဖြင့် ပါဝင်တက်ရောက် မိန့်ခွန်းပြောကြား (၂၅-၁၂-၂၀၂၃ ရက်)

(၂၅-၁၂-၂၀၂၃ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၅-၁၂-၂၀၂၃ ရက်၊ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့သည့် (၄) ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ ပူးတွဲဥက္ကဋ္ဌအဖြစ် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ဝန်ကြီးချုပ် မစ္စတာလီချန်းတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက် မဟာ ပဝရ ဓိပတိ ဟွန်မာနိုက်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆုံဆိုင်း ဆီဖန်ဒုံ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆရက်ထာ ထာဗီဆင်နှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဖန်မင်ချင်းတို့လည်း တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး၌ ပူးတွဲဥက္ကဋ္ဌများက အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ပြီးနောက်၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအပေါ် သုံးသပ်ကာ၊ အနာဂတ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။